Tuesday, March 30, 2010

ပိတောက် နဲ့ သင်္ကြန် ။

ဒီနေ့ ကျွန်မ သူငယ်ချင်း နဲ့တွေ့တော့ စင်္ကာပူမှာ မြန်မာတွေ များလာလို့လား မသိဘူး Chinese Garden နားက ပိတောက် ပင်ကြီးမှာ ပိတောက်တွေ ပွင့်နေတာ အရင်နှစ်ထက် ပိုများတယ် တဲ့လေ။ မြန်မာပြည် မန္တလေး မှာလဲ သင်္ကြန် မရောက် သေးတဲ့အချိန်ပဲ ဖြစ်ဖြစ် ၊ သင်္ကြန်တွင်း ကာလပဲဖြစ်ဖြစ် ခုလို ဧပြီလဆို ပူလွန်းပြီး မိုးတစ်ကြိမ် နှစ်ကြိမ်လောက် ရွာလိုက်ပြီ ဆို ပိတောက်တွေ ပွင့်ရစမြဲ ပဲလေ။

မန္တလေးနေက တော်တော် ပူပြင်းတာကြောင့် အရိပ်ရအောင် ကုက္ကိုလ်ပင်တွေ ပိတောက်ပင်တွေ ဘန်ဒါပင် တွေ ကိုယ့်အိမ်ရှေ့မှာ ကိုယ်တိုင် စိုက်လေ့ ရှိကြတယ်လေ။ ကျမတို့အိမ်ရှေ့က ပိတောက်ပင် ကတော့ အပွင့်က အ၀ါရင့်ရောင် ပေါ့။ ပိတောက်တွေ ပွင့်ရင် အိမ်ဘေးက သစ်ပင်တက် နိုင်လောက်တဲ့ အားကောင်းမောင်းသန် ရှိတဲ့ ယောကျာ်းလေး တစ်ယောက်ကို ပိတောက်ပင်ပေါ် တက်စေပြီး ပိတောက်ပွင့် နေတဲ့ကိုင်း တွေကို ဓါးနဲ့ခုတ်ချတာပေါ့။  ပြီးတော့ ကျွန်မတို.က ကိုယ့်အိမ်က ခြံထဲ ကပွင့်တဲ့ ပိတောက်ပန်း ဆိုပြီး ဘေးအိမ်တွေကို ဘုရားလှူဒန်းဘို့ ဝေငှကြတယ်လေ။

ဒီနေ့ ပိတောက် ပွင့်ပြီဟေ့ ဆိုတာနဲ့ မန္တလေးမှာ ရှိတဲ့ ကာလသား အမျိုးသားလေး တွေက ပိတောက် ပင်ပေါ်တက် ပိတောက် ကိုင်းတွေချိုးပြီး ကိုယ်ကြိုက်တဲ့ ကောင်မလေးတွေကို ပိုးကြေးပန်းကြေး အနေနဲ့ ပိတောက်လက်ဆောင် ပေးဘို့ စီစဉ် ကြတယ်လေ။ အိမ်ရှေ့မှာ ပိတောက် ပင်မရှိတာက တစ်ကြောင်း ကိုယ်တိုင် အပင်ပေါ်မတက် နိုင်သူများကျတော့ လည်း ဈေးမှာရောင်းတဲ့ ပိတောက်ပန်းတွေ ကိုဝယ်ယူပြီး ပိတောက်လက်ဆောင် ပေးကြတာပေါ့။

ပိတောက်ပွင့်တဲ့နေ့ မနက်စောစောဆို ကာလသား (အမျိုးသားလေး) တွေက စက်ဘီးလက်ကိုင် ပေါ်မှာ ပိတောက်ကိုင်း လေးတင်ပြီး ကိုယ်ကြိုက်တဲ့ ကာလသမီးလေး (အမျိုးသမီးလေး) တွေဆီ ကို အရောက်သွားကြတယ်လေ။

ကိုယ်နဲ့ အဆင်ပြေ ပြီးသားဆိုရင်တော့ အမျိုးသမီးလေးက အိမ်ပြင်ဘက် ထွက်လာ ပြီး အမျိုးသားလေး ပေးတဲ့ ပိတောက် ပန်း တစ်ပွေ့ တစ်ပိုက် ကို သိမ်းကြုံးပွေ့ယူပြီး ကျေနပ်လို့ မဆုံး။

ကိုယ်နဲ့ အဆင်မပြေသေးပဲ ပိုးတဲ့ အဆင့်ပဲရှိသေး ရင်တော့ ကောင်မလေး အိမ်ရှေ့ ကို မနက်မိုးလင်းလင်းခြင်း စောစော သွား ပိတောက်ခက်ကို တိတ်တိတ်လေး ချထားပြီး အိမ်နားမှာ စက်ဘီးနဲ့ ရစ်သီရစ်သီ လုပ်ပြီးညိုမြ လုပ်နေတယ်လေ။ ဒါမှ ကောင်မလေး အိမ်ရှေ့ထွက် လို့ ပိတောက်ပန်းတွေ မြင်ရင် ဘယ်သူပေးတယ်ဆို တာ သိအောင်လို့ ပေါ့။

ကျွန်မ မှတ်မိ သေးတယ်။ ပိတောက်ပွင့်တဲ့ နေ့လေးတစ်နေ့မှာ  DTဆိုင်ကယ်နဲ့ ကောင်လေး တစ်ယောက် လက်တစ် ဘက်က ပိတောက်ပန်းတွေ ဝေဆာနေတဲ့ ပိတောက်ခက်ကြီး ကိုကိုင်ပြီး ကျန်တစ်ဖက်က ဆိုင်ကယ် လီဗာကို ထိန်းပြီး စီးသွားတာ  တလမ်းလုံး ပိတောက်နံ့ တွေသင်းနေ တာပေါ့။ သူကျွန်မ နားက ဖြတ်သွားတော့မှ ကျွန်မ ငယ်ငယ်က ပိတောက်လက်ဆောင် ရဘူး တာလေး သတိရမိပြန်ရော။

ကျွန်မ ကလေးအရွယ် ကနေ လူကြီး အရွယ်ကို ကူးပြောင်းခါနီး အရွယ် လောက်မှာပေါ့။ မြီးကောင်ပေါက် အရွယ်ဆိုတော့ ရှက်ကလည်း ရှက်တတ်နေပြီလေ။ သင်္ကြန်အထာအရ ပြောတဲ့စကား ဆိုရင် အိမ်တွင်းပုန်း တဲ့အပျို အရွယ်ပေါ့။ ကျွန်မ အဖေ အိမ်ရှေ့ ထွက်နေတုံး ကောင်လေး တစ်ယောက် ရောက်လာပြီး ဦး “ ဦးလေးသမီးကို ကျွန်တော် ဒီပိတောက် ပန်းတွေ ပေးချင်လို့ပါ တဲ့လေ“ ကျွန်မ အဖေဆီ ခွင့်တောင်း တယ်လေ။ ကျွန်မ အဖေက ကောင်လေးကို ခြေဆုံးခေါင်းဆုံး မသိမသာ အကဲခတ် လိုက်ပြီး၊

“ ဟေ့ သမီးရေ အိမ်ရှေ့ ခဏထွက်လာပါဦး ၊ ဒီမှာ ညည်းကို ပိတောက် ပန်းပေးချင်လို့တဲ့ ။ဆိုတော့ ကျွန်မ အိမ်ရှေ့ ထွက် သွားပြီး ပိတောက် လက်ဆောင်ကို ကျွန်မ စိတ်ထဲက ၀မ်းသာ စွာနဲ့ ရရှိခဲ့တယ်လေ။ တကယ်တော့ လှမ်းသာယူ လိုက်တာ ပေးတဲ့ ကောင်လေး ရဲမျက်နှာကို လည်းစေ့စေ့မကြည့်ရဲ သလို မိဘညီအကို မောင်ဘွားတွေ ရှေ့ ဆို မျက်နှာပူတာပေါ့။

ကျွန်မ ပိတောက်တွေ့ ပွေ.ပြီး အိမ်ထဲ ပြန်ဝင်လာတော့ အမေက “ ဒီသူငယ်လေးနဲ့ ဘယ်လိုသိတာလဲ “ ဆိုပြီး မေးပါတော့ တယ်။ သမီးတို့ ကျုရှင်မှာ အတူတူ တက်တာပါ။ ရိုးရိုးခင်တာပါလို့ ပြောတော့မှ အမေက မသိမသာ မျက်နှာလွဲ သွားခဲ့တယ်။ ကျွန်မ အဖေကတော့ ငါ့သမီးလို ပုပု ၀၀လို လူကို ပိတောက် လက်ဆောင် ပေးတဲ့သူတွေ ဘာတွေတောင် ရှိနေပါရောလား၊ ပိတောက်ပန်းကို ဘယ်နားသွား ပန်မလဲ ဆံပင်ကလည်း တိုတိုနဲ့ ဆိုပြီး ရီရီမောမော ပြောလိုက်လို့ ကျွန်မ စိတ်သက်သာရာ ရသွားတယ်လေ။

ပိတောက်တွေ ပွင့်တဲ့နေ့ ဆို တစ်မြို့လုံး ပိတောက်ပန်း တွေနဲ့ ၀ါဝါထိန်ထိန် ၊ အိမ်တိုင်း အိမ်တိုင်းမှာလဲ ပိတောက် ပန်းတွေကို ဘုရားလှူကြ ၊ခေါင်းမှာ ပန်ကြနဲ့လေ။ အပျိုလေးတွေရဲ့ အလှကတော့ မန္တလေးက ပူတဲ့ ရာသီ ဥတု ဆိုတော့ မိတ်ကပ်တွေ သိပ်မသုံး ကြဘူးလေ ၊သနပ်ခါးကို မွေးကြိုင်နေအောင် ခြေဆုံးခေါင်းဆုံး လိမ်းပြီး ပိတောက်ပန်း တွေကိုလည်း ခေါင်းမှာ မြိုင်နေအောင် ပန်ထားတာများ ဆံပင်ရှည်ရှည် လုံးကြီးပေါက်လှ အပျိုတွေဆို  သိပ်ကြည့်လို့ ကောင်း တာပေါ့။

လမ်းမှာ သွားတဲ့ မြင်းလှည်းတွေ ဆိုလည်း မြင်းရဲ့ ဦးခေါင်း မှာ ထိုးထား သေးတယ်လေ။ မြင်းကြီးကလည်း ပိတောက်ပန်း ပန်ပြီး သူတာဝန်သူ ကျေအောင် ဆောင်ရွက် ပေးနေလေရဲ့ ။ ဆိုက်ကား ဆရာကလည်း သူ့ဆိုက်ကား ရဲ့ လက်ကိုင် (သို့) နောက်ကြည့်မှန် လေးပေါ်မှာ ပိတောက်ခက် ချိတ်ပြီး၊ ခမောက်ကို ဆောင်းကာ နေပူပူ၊ ဖုံထူထူတွေကြား ချွေးလေးတစ်စိုစို နဲ့ ရုန်းနေလေရဲ့။ ဆိုင်ကယ်တွေ ဆိုလည်း ဆိုင်ကယ်ရဲ့ ထိပ်ဦးမှာ တစ်ခက်လောက်တော့ ထိုးထားကြလေရဲ့လေ။

စင်္ကာပူ မှာလည်း ပိတောက်တွေ ပွင့်တော့ မြန်မာပြည်က ပိတောက်ပွင့်တဲ့ချိန် ပုံရိပ်တွေက ထင်ထင်ရှားရှား ပြန်လည် အမှတ်ရလို့ပါ။ စင်္ကာပူ မှာ ပွင့်တဲ့ ပိတောက်တွေကတော့ သနားစရာပါ ။ ရိုးရိုးလေး ပွင့်ပြီး ရိုးရိုးလေး ကြွေကျပြီး မြေခသွား ရတယ်လေ။ ခူးသူမရှိ ၊ ပန်သူမရှိပေါ့။

ကျွန်မလည်း ကြွေကျနေတဲ့ ပိတောက်ခြောက်တွေ ကြည့်ပြီး အင်း…. စင်္ကာပူုမှာတော့ မြန်မာပြည် လို ပိတောက်ပွင့်လို့ ပိတောက်ပင်ပေါ် တက်ပြီး ပိတောက်ကိုင်းတွေ ခုတ်လိုက်မိလို့ကတော့ (NEA) လို့ ခေါ်တဲ့ National Environment Agency က အရေးယူတာနဲ့ပဲ  ဒဏ်ငွေ တွေ ဆောင်လိုက်ရမှာ မနည်းပင်။

ကျွန်မ တို.မြန်မာနိုင်ငံ ကတော့ ပိတောက် နဲ့ သင်္ကြန်ဆိုတာ ခွဲလို့မရသလို၊ သင်္ကြန် ဆိုတာနဲ့ မန္တလေးကို သတိရမိ ပြန်ရော။ မန္တလေးသင်္ကြန် ဆိုတာနဲ့လည်း  မြို့မအဖွဲ့ ကြီးနဲ့ တကွ မြို့မငြိမ်းရေးတဲ့  သီချင်းတွေ ကိုလည်း ပစ်ထား၊ မေ့ထား လို့ မရပါနိုင်ပါ ဘူးလေ။

ကြော်ငြာသင်္ကြန် ၊ Rock And Roll သင်္ကြန် ၊ Hip Hot သင်္ကြန်၊ စတဲ့ ခေတ်အလိုက် သင်္ကြန် အမျိုးမျိုး ပြောင်းလဲ သွားကြပေမဲ့ မြို့မရဲ့ တူးပို.သင်္ကြန် ကိုတော့ မှီနိုင်မယ် မထင်ပါဘူး။သင်္ကြန်ဆို တူးပို့ တူးပို့ တေးသွား ကို မတီးပဲ မပါဘဲ ချန်ထားလို့မှ မရပဲလေ။

ပြည်သူပြည်သား တွေအားလုံး သင်္ကြန်ကို ဘေးရန်ကင်းစွာနဲ့ ပျော်ရွှင်နိုင် ကြပါစေ။ မန္တလေးမှာ ဆိုင်ကယ် စီးတဲ့သူတွေ များလာတော့ ဆိုင်ကယ် စီးသူများ အန္တရာယ် ကင်းရှင်း ကြပါစေ။ ဆိုင်ကယ် ဆိုတာက တက်ထိုင်၊သော့ဖွင့် ၊ စက်နိုး ဂီယာထိုးပြီး လီဗာ တင်လိုက်ရင် သူ့ဟာသူ ထွက်သွားတာ မဟုတ်လား ။ စက်ဘီးနဲ့ မတူဘူးလေ။ စက်ဘီးက ကိုယ် က နင်းမှ သွားတာ ။ ဆိုင်ကယ် စီးတယ် ဆိုတာ အမြန်ယဉ် တစ်ခုကို စီးနင်း သွားကြတာလေ၊ အဲဒီတော့ မတော်တဆ တစ်ခုခုများ ဖြစ်လိုက်ရင် ကိုယ်က နာရတာချဉ်းပဲ။ ဒီလို သင်္ကြန်တွင်းဆို တစ်ချို့က ဆိုင်ကယ် တစ်စီးကို လူ သုံး၊လေး ယောက်လောက် စီးကြတာ မျိုးတွေ ရှိတော့ မတော်တဆ  တိုက်ခိုက်မူ့တွေ ရှိရင် ခေါင်းဒဏ်ရာ ရရင် ကုရသိပ်ခက်တယ်။ ဆိုင်ကယ်စီးရင် ကိုယ့် အန္တရယ် ကို သိမြင်ပြီး အဘက်ဘက်က သတိထားပြီး စီးပါလို့ ပြောလိုက်ပါရစေရှင်။

မန္တလေး နှင့် ရွှေမန်းသူ၊ ရွှေမန်းသား များကို သတိရလျှက်။
ရေးသားသူ - မေစိုး။

Monday, March 22, 2010

တစ်နှစ်ကူးတဲ့နှစ်ဦး။

တစ်နှစ်ကူးတဲ့နှစ်ဦး။

ကျွန်မ ဟိုးငယ်ငယ် တုံးကပေါ့ ၊ နွေရာသီ ကျောင်းပိတ်ရက် တွေဆို ကျွန်မ တို့မိသားစု မိုးကုတ်ကနေ မေမေ ဆွေမျိုး၊ အဘိုးအဖွား၊ တွေရှိရာ မန္တလေး ကို အမြဲလာရတယ်လေ။ မန္တလေး သင်္ကြန် ကို ငယ်ငယ် ကတည်းက
ပျော်ခဲ့ရတာပေါ့။ ကျွန်မ အဖေက ရေပြွတ်နဲ့ ရေဖလားလေး ရေပက်ဘို. ၀ယ်ပေးပြီး ရေကစားရတော့ မယ်ဆို ရင်ပဲ သင်္ကြန် ကျမဲ့ရက်တွေကို မျော်နေမိတော့တယ်။ သင်္ကြရောက် ဖို. နှစ်ရက်လောက် အလိုဆိုရင် ရေပြွတ် ထဲရေတွေထည့်လိုက် ထုတ်လိုက်နဲ့ အလုပ်ရူပ်နေတဲ့ ကျမကို အမေက သင်္ကြန်လည်း ရောက်ရော ရေပြွတ် လည်းပျက်ရော ဖြစ်နေမယ်၊ သင်္ကြန်မကျ သေးဘူး လို့ပြောတာပေါ့ ။
နောက်အကြို နေ့လည်းရောက်ရော ရေပက်ဘို. လုံးပန်းပြန်တယ်။ အမေကတော့ ဟဲ့ မပက်နဲ့ဦး သင်္ကြန် မကျသေးဘူး၊ ဒီနေ့မှ အကြိုနေ့ ပဲရှိသေးတာ။ မနက်ဖြန်မှ သင်္ကြန်ကျမှာ တဲ့လေ။စိတ်ထဲမှာတော့ အမလေး သင်္ကြန်ကလည်း ကျကို မကျနိုင်ဘူး၊မြန်မြန် သင်္ကြန်ကျ ပါတော့လို. စိတ်ထဲမှာ ရေရွတ်နေမိတယ်။
အင်း..မနက်ဖြန် သင်္ကြန်ရောက်လို့ မိုးလင်းလင်းချင်းပဲ ရေပက်တော့မှာပဲ လို. စိတ်ထဲကပြောပြီး မနက်ဖြန် သင်္ကြန်ကျတာ ကို စောင့်မျော်နေမိတယ်လေ။

သင်္ကြန်ကျတဲ့ မနက်ရောက်တာနဲ့ အစောကြီး အိပ်ရာကထပြီး ၀ယ်ပေးထားတဲ့ဖလားလေးကိုယူ၊ သွပ်ပုံးတစ်ပုံး နဲ့ရေခပ် ရေပြွတ်ကလေးလည်း ယူပြီး ရေပက်ဖို. လုပ်ငန်းစပါတော့တယ်။ ဒါပေမဲ့ မနက်စောစော ဆိုတော့ ပက်စရာလူက မရှိ၊ အဖော်လည်း မရှိဘူးလေ။ ဒါနဲ့ သင်္ကြန်ကျတာ နဲ့ ဘယ်သူဖြစ်ဖြစ် ပက်မှာပဲလို့ ဆိုပြီး အားခဲထားတော့ မနက် စောစောပဲပြုတ် ရောင်းတဲ့ အဒေါ်ကြီးလည်းမရှောင်၊အကြော်သည်တို. လည်းမရှောင် ပက်မှာပဲလေ။နွားနို့သည် ကုလားမလည်း ပက်မှာပဲ၊ ဘုန်းကြီးနောက်က လိုက်တဲ့ ဘုန်းကြီးကျောင်းသား လည်းပက်မှာပဲပေါ့။

ဟဲ့ဟဲ့ မလုပ်ပါနဲ့။ သင်္ကြန်လည်း မကျသေးဘူး ငါဈေးရောင်း ရဦးမှာပါအေ။ ဆိုသည့် ပဲပြုတ်သည် အော်သံကြား မှ ကျွန်မ အမေ အိမ်နောက်ဖေးက ပြေးထွက်လာပြီး “ ဟုတ်တယ်သမီး၊ အိမ်လာတဲ့သူကို မပက်ရဘူး၊သူ့ခမျာ ဈေးလည်း ရောင်းရဦးမှာ ‘ ဆိုပြီး ပြောနေတဲ့အချိန်၊ တစ်ချိန်တည်း မှာပဲ ကျွန်မ နွားနို.သည် ကုလားမိကို ပက်မလို့ရွယ်တုံး အမေအသံက ဆက်တိုက် “အမလေး နွားနို့သည် ကုလားမ ပက်ရင် သူနွားနို့ ရေထိုးပေးလို. ကျေးဇူး တင်တော့မှာပဲ သင်္ကြန်လည်း မကျ သေးဘူး အိမ်ထဲပြန်ဝင် ဆိုတော့ ကျွန်မ မ၀င်ချင်ဝင်ချင် နဲ့ အိမ်ထဲပြန်ဝင်ခဲ့ရတာပေါ့။

ကျွန်မ အဖေကတော့ ကျွန်မရေကစားချင် မှန်းသိလို. ဆီပိုင်းငယ်လေး ထဲမှာရေဖြည့်ပေးထားပြီး အိမ်ေ၇ှ့ မှာ ချပေးထားတယ် သမီး ၉ နာရီ ထိုးမှ ရေပက်ရမယ်လို့ပြောမှ ကျွန်မ ကိုးနာရီလည်း ထိုးရော အိမ်ရှေ့ကလူ ဖြတ်တဲ့ လူတွေကို မလွတ်တမ်း ပက်တော့တာပါပဲ။ ဒီကြားထဲ စက်ဘီးသမား၊ ဆိုက်ကာသသမားမကျန် သင်္ကြန်လည်တဲ့ ကားတွေများ အိမ်ရှေ့ မလာ လိုက်နဲ့ တွေ့တာနဲ့ ရေကိုပြေးခပ်ရတာ အမော။ဘယ်သူမှ မလာလို.ခဏလေး အတွင်းမှာပင် ကိုယ့်ကစားဖော် အိမ်နီးချင်း ကောင်မလေးတွေ နဲ့ တစ်ယောက်တစ်လှည့် လောင်းကြတာ ပျော်မဆုံး၊ ရွင်မဆုံး။
ဘာပဲဖြစ်ဖြစ် ဟိုးငယ်ငယ်က သင်္ကြန်လေးကို စိတ်ထဲ အရမ်းလွမ်းမိလို့ပါ။
မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ်ဆိုတဲ့ နှစ်ဟောင်းကတော့ သင်္ကြန်ပွဲနဲ့အတူ မကြာခင်ကုန်ဆုံး လွန်မြောက်တော့မယ်။  အခုချိန်ကစပြီး ၁၃၇၂ ခုနှစ်ဆိုတဲ့ နှစ်သစ်ကို ရောက်လာတော့မယ်လေ။
မန္တလေး သင်္ကြန် ဆိုရင် ခန့်ညားထယ်ဝါလှတဲ့ မြို.ကျက်သရေဆောင် မြို.မ အသင်းကြီး ရဲ့ တေးသွားတွေနဲ့ ပျံလွင့်ပြီး နှစ်ကူးကို ကြို ဆိုကြပါဆို့လားရှင်။
မြို့မ ရေသဘင် အဖွဲ့ကြီး မဖြစ်ခဲ့ရင်တောင် မြို့မ မောင်မယ် အဖွဲ့ကြီး ကျမ်းမာပါစေလို့လည်း
ကျွန်မ အဝေးတစ်နေရာကနေ မေတ္တပို့သ ပါတယ်ရှင်။

အားလုံး မင်္ဂလာ အပေါင်း နဲ့ ပြည့်စုံကြပါစေ။ စိတ်ချမ်းသာ ကြပါစေ။ ဘေးရန်ကင်း ဝေးကြပါစေ လို့လည်း မေတ္တာပို့သပါတယ်
မေစိုး

Wednesday, March 17, 2010

မန်းတောင်ရိပ်ခို။

ဝဲဘက်ပုံ - အေဝမ်း ဆရာညှာ (ခ) မန္တလာညှာ
အလယ်ပုံ - မြိုမငြိမ်း
ယာဘက်ပုံ- ဦးဘသိန်း (မန္တလေး)
တပေါင်း၊ တန်ခူး နွေဦး ရောက်ပြီဆိုရင် သစ်ပင်တွေလည်း ရွက်ဟောင်း ကြွေလို့ ရွက်နုဝေကြ သလို နှစ်ကူး လို. နှစ်ဦး ရောက်တော့ မည်ပင်။ ခုချိန်ဆို မန္တလေးမှာ နေပူပူ ဖုံထူထူ တွေကြား သင်္ကြန်သီချင်းတွေ မဖွင့်တဲ့နေရာ ဆိုတာ မရှိ သလောက် ပါပဲလေ။ လမ်းပေါ်မှာလည်း ထီရောင်းတဲ့ တွန်းလှည်းသမားတွေ ကလည်း တူးပို.၊တူးပို.၊ အချဉ်ပေါင်းရောင်း တဲ့ မှောင်၊မှောင် သည်ကလည်း တူးပို.၊တူးပို. နဲ့ တလမ်းလုံးမှာ သင်္ကြန်တေးသွား တွေနဲ့ မန္တလေးရဲ့ အတာ သင်္ကြန်ပွဲကို တော့မန္တလေးသူ၊ မန္တလေးသား တွေက မနွှဲပဲ မနေနိုင်။
ခုလို သင်္ကြန်သီချင်းတွေ ပျံလွင့်နေချိန်မှာ လူငယ်လူရွယ် တွေကလည်း သင်္ကြန်အတွက် စတင် အစီအစဉ်တွေ စတင် ပြုလုပ်နေကြတဲ့အချိန်ပေါ့၊ အမျိုးသား ယောကျာ်းလေး အများစု က များသောအားဖြင့် သင်္ကြန်ဆို ရေပက်ခံထွက်ကြတာ များတာကိုး။ အဖွဲ့လိုက် ဂျစ်ကားတစ် စီးငှားတယ်။ ပြီးတော့ သူငယ်ချင်းတွေ အယောက်၁၅ ယောက်တစ်ဖွဲ့(သို့မဟုတ်) ၁၀ ယောက်တစ်ဖွဲ့ စုပြီးတာ့ သင်္ကြန်အကြိုနေ့ ကနေစပြီး နှစ်ဆန်းတစ်ရက်နေ့ထိ ကားကို ပုတ်ပြတ် ငှားလိုက်ကြတယ်။ ဂျစ်ကား ပိုင်ရှင်တွေက သင်္ကြန်ရက်အတွင်း ဆို ကားငှားခ ရပေမဲ့ ကားတစ်ခုလုံးကို ၀ပ်လျော့မှာ သွားပြီး အမိုးဖြုတ်၊ ပြီးတော့ ကားရဲ့ရှေ့ ပိုင်း ဘော့နက် ကို အဟောင်းတစ်ခု နဲ့ တပ်ပြီး သေချာပြုပြင် ကြရတယ်။ မန္တလေးသူ၊ မန္တလေးသား တွေက ဆိုင်းသံ၊သီချင်းသံကြား ရုံ နဲ့ပင် ကွေးနေအောင် ဂျစ်ကားပေါ်မှာ ကကြတယ်။ ပြီးတော့ ကားခေါင်းခန်းကို ထုပြီး ကခုန်မြူးတူး ကြပြန်တယ်။ ယခုအခါမှာတော့ မန္တလေးမှာ ဆိုင်ကယ်မြို.တော် လို. ပြောလို.ရ လောက်အောင် ဆိုင်ကယ်တွေ များပြားလာတာကြောင့် သင်္ကြန်ပွဲ ကို လည်း ဆိုင်ကယ်တွေ နဲ့ လူငယ်၊ လူရွယ်တွေဟာ အုပ်စုဖွဲ့ပြီး မန္တလေး ကျုံး ကို ပတ်ပြီး ရေပက်ခံထွက် ကြတယ်။ ဆိုင်ကယ်ကို အိပ်ဇော တွေဖြုတ်၊ ဒူးကာတွေဖြုတ်ပြီး၊ ရေမ၀င်အောင် ၀ပ်လျော့မှာ သေချာ စီစစ်ပြီး သင်္ကြန်လည် ပြင်ဆင်နေ ကြသူတွေ။သင်္ကြန် နားနီး ပြီ ဆိုရင် ဆိုင်ကယ်ဝပ်လျော့ တွေမှာ လူငယ်တွေ စုပြုံတိုးနေတာ ကလည်း မန္တလေး ရဲ့ သင်္ကြန်အထာ တစ်ခုလို.တောင် ထင်ရပါတော့တယ်။
ဆံပင်ညှပ်ဆိုင်တွေ၊  အလှပြင်ဆိုင်တွေ ကလည်း သင်္ကြန်နားနီး လက်မလည်အောင် စီးပွားရေးကောင်း နေကြလေရဲ့။
မန္တလေး ဈေးချိုတော်နဲ့ စတိုးဆိုင်တွေနဲ့ ဈေးတွေမှာ ဆိုလည်း သင်္ကြန်အထူးလျော့ဈေး တွေနဲ့ လက်မလည်။
သင်္ကြန် မဏ္ဍပ်ကြီးတွေက ကျွန်မ ငယ်ငယ်ကတော့ ငွေဖလားနဲ့ ပိတောက်နဲ့ အုန်းလက်ကြားမှာ ရေပက်တဲ့ အဖွဲ့နာမည် လေးတစ်ခုလောက်မျှပင်။ ခုတော့ ကုန်ပစ္စည်း ကြော်ငြာတွေ နာရာယူထားတဲ့ မဏ္ဍပ်ကြီးတွေက ဟိန်းနေအောင် ဆောက်ကြတယ်လေ။
မန်းပျိုဖြူတွေ ကလည်း အတာသင်္ကြန် ပွဲနွှဲ ဖို.ရာအတွက် ရေကစား မဏ္ဍပ်တွေမှာ ရေသဘင်ပွဲ ဆင်နွဲဖို.ရန်အတွက် အားခဲနေကြလေရဲ့။ မန္တလေးသူ မန္တလေးသား တွေဟာ ခန်.ညားထည်ဝါမူ. ကိုသဘောကျ ကြပါတယ်။ မန္တလေး ရဲ့ သင်္ကြန် မဏ္ဍပ်တွေ ကိုကြည့်ရင် ရန်ကုန် မဏ္ဍပ်တွေ နဲ့ မတူပေ။ ထုထည်ကြီးကြီးနဲ့ ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ကြပြီး အထူးဧည့် သည်များကိုလည်း မဏ္ဍပ်ပေါ် စင်၏ ၀ဲယာမှာ တူတူတန်တန် ထားကြတာကို တွေ.မြင်နိုင်ပါတယ်။ မဏ္ဍပ်တွေဆိုလည်း မြို့တော်ဝန် မဏ္ဍပ် အပါ အ၀င် ဌာနဆိုင်ရာ မဏ္ဍပ်ကြီးတွေနှင့် ရပ်ကွက်က ကိုယ်ထူကိုယ်ထ မဏ္ဍပ်များ ဝေေ၀ဆာဆာ ရှိလှသည်။ မဏ္ဍပ်ကြီးတွေ မှာ တေးဂီတ ဖျော်ဖြေမူ. ကတော့ မပါမဖြစ်။ တစ်ချို.က ဆိုင်းဝိုင်းကြီးနှင့် ခန်.ခန်.ထည်ထည် သီဆိုကြ၊ တစ်ချို.က လျှပ်စစ်ဂီတ ကျယ်ကျယ်လောင်လောင်၊ တစ်ချို.က ခေတ်ပေါ် (Hip Hop) ဂီတ ၀ုန်းဝုန်း ဒိုင်းဒိုင်း နဲ့ပင်။ သင်္ကြန်ဂီတကား ရောင်စုံ စက္ကူ ပန်းပွင့် ကလေးနှင့်တူပြီး၊ မန်းပျိုဖြူများ ကလည်း ဂျင်းဘောင်းဘီ ၀တ်သူက၀တ်၊ မြန့်မာ ရိုးရာ ၀တ်စုံဆင်တူ ၀တ်သူများက တဖုံ ၊အမျိုးမျိုး ၀တ်စားဆင်ရင်ကာ ဖြူ၊ နီ၊၀ါ၊ ပြာ စပ်ကြား ယဉ်ကျေး မူ့ အလှ တစ်ခုနှင့်တူပေသည်။ မန္တလေးသင်္ကြန်ကို ကျွန်မ သဘောကျ နှစ်သက် မိလို. တကယ်ကို လွမ်းမိပါတယ်။ မန္တလေး သင်္ကြန်က ရန်ကုန် နဲ့တော့မတူပေ။ ရန်ကုန် အလှပြယဉ်များက တေးသီချင်း သီဆိုမူ.နှင့် ယိမ်းအက ကို သိပ်ဦးစား မပေးချေ။ သံချပ် အတိုင်အဖောက်ကို အဓိကထားသည်။
မန္တလေး သင်္ကြန် အလှပြယဉ် များကတော့ သံချပ်ကို သိပ်စိတ်မ၀င်စား၊ သီဆို၊ တီးမုတ်၊ ကခုန်၊ တာကို ၀ါသနာ ပါကြသည်။သင်္ကြန် အလှပြယဉ်များ ကိုတော့ ရေကစားပြီး ညနေ (ရ) နာရီအချိန်လောက်တွင် လှပသော မန္တလာမြေရဲ့ ညနေခင်း ဆည်းဆာ အောက်မှာ  ငွေငန်းမြို.မ အလှပြ ယဉ်ကြီးဟာ မြို.မ သံစုံတီးဝိုင်း ဖန်ဆင်းရှင်ကြီး ဆရာငြိမ်း ၏ သင်္ကြန်တေး လက်ရာ များစွာထဲမှ ညှင်းသွဲ့သော ဂန္တ၀င်တေး တပုဒ်ကို သီကျုးရင်း မန္တလေး အခေါ်အဝေါ်နဲ့ဆို ဗဟိုမဏ္ဍပ် လို.ခေါ်တဲ့ မြို.တော်ဝန် မဏ္ဍပ် ဆီသို. ဝေဆာ လှပစွာ တစ်ရွေ့ရွေ့  ဦးတည် နေပါတော့တယ်။
မဏ္ဍပ်ကြီးတွေရဲ့ အလှအပဟာ ညခင်းမှာ ဝေေ၀ဆာဆာ လှပလျှက် ရှိသလို မဏ္ဍပ်တွေနဲ့ အပြိုင်လှနေတဲ့ မန္တလေးကျုံး ကြီးနဲ့၊ မန္တလေးတောင် ကိုတော့ မေ့ထားလို. မရနိုင်ပါဘူး။ မန္တလေးသင်္ကြန် လို့ဆိုလိုက်ရင် မန္တလေးကျုံးကြီး ရဲ့ ပတ်လည်မှာ သင်္ကြန် မဏ္ဍပ် တွေက ၀န်းရံထားလျှက်ပင်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် ကျုံး ပတ်ပတ်လည် မှာ အရင်ကတော့  မဏ္ဍပ်တွေ ရှိပေမဲ့ နောက်ပိုင်း မြောက်ဘက် ကျုံး မှာတော့  သင်္ကြန် မဏ္ဍပ် အနေနဲ့ နေရာချ မထားတော့ ပါဘူး။ ထို့ကြောင့် ကျုံးပတ်ပတ်လည် သုံးခုမှာ တော့ မဏ္ဍပ်တွေ က ခပ်စိပ်စိပ်လေး ရှိနေကြတယ်။
အသက်လေး ရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခို ဆိုတဲ့ စကားလေး အတိုင်း ပဲ သင်္ကြန်သီချင်း တွေထဲမှာ လည်း မြနန္ဒာလို့ လူသိများနေပေမဲ့ တကယ့် နာမည်အမှန်က မန်းတောင်ရိပ်ခို ဖြစ်ပါတယ်။” မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတော့ ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေရယ်”ဆိုတဲ့ သင်္ကြန်သီချင်း သံကိုတော့ ကျွန်မ ငယ်ငယ်ကစ၍ နားထဲတွင် ရင်းနှီးနေခဲ့ပါတယ်။ ငယ်ငယ်ကတော့ မြနန္ဒာကန် ဆိုတာ မန္တလေးတောင် နားမှာရှိမှာပဲလို့ ထင်ခဲ့တာ။တကယ်တော့ နန္ဒာ ကန်ဆိုတာ မန္တလေးတောင် ရဲ့မြောက်ဘက်မှာ တည်ရှိပါတယ်။ မိုးကုတ် သွားတဲ့အခါ မန္တလေးအထွက် ရွှေကျင်ဂိတ် ကစပြီး မြောက်ဘက် မန္တလေး-မတ္တရာ-မိုးကုတ် သွားတဲ့ကားလမ်းဟာ နန္ဒာကန် ဘောင်အနောက်ဘက် ကန်ဘောင် ရိုးကြီးပေါ် ဖောက်ထားပါတယ်။ကားလမ်း တစ်နေရာမှာ ကန်ရဲ့ ကျောက်စာဂူ လေးရှိနေပါတယ်။

မြန်မာ လူမျိုးတိုင်း ချစ်ခင်ပျော်ရွှင်တဲ့ သင်္ကြန်ပွဲတော်မှာ ဆိုရင် "မန်းတောင်ရိပ်ခို (မြနန္ဒာ)" ၊ စတဲ့ သီချင်းတွေ မဖွင့်တဲ့ နေရာဆိုတာ မရှိသလို သင်္ကြန်ဖွင့်ပွဲ၊ ပိတ်ပွဲတွေမှာလဲ မဆိုမနေ သီချင်းလေးတပုဒ်ပါပဲ ။ သင်္ကြန် နဲ့ မြနန္ဒာ (မန်းတောင်ရိပ်ခို) သီချင်း၊ မြနန္ဒာ နဲ့ သင်္ကြန် ဆိုတာ ဘယ်တော့မှ မခွဲစကောင်းလို့ ထင်ရလောက်အောင်ကို မှတ်မှတ် ထင်ထင် ရှိနေရပါတယ်။"မန်းတောင်ရိပ်ခို (မြနန္ဒာ)" သီချင်းအပါအ၀င် သံစဉ်ရော စာသားပါ နားထောင် ကောင်းပြီး အဓိပ္ပါယ်လည်း ပြည့်ဝတဲ့ မြန်မာသံစဉ် စစ်စစ် သီချင်းအမျိုးမျိုးကို စပ်ဆိုခဲ့တဲ့ ဂီတစာဆို “ဆရာကြီး မြို့မငြိမ်း” ရဲ့ အနုပညာလက်ရာကလည်း တကယ်ကို အံမခန်းစရာပါပဲ။ တကယ်တော့ မန်းတောင်ရိပ်ခို သီချင်းကို ချစ်ခင် လေးစားရသော မြန့်မာ့အနုပညာရှင် ဆရာကြီးသုံးဦးက တပိုဒ်စီ ရေးခဲ့ကြတာပါ။ ဆရာကြီး အေဝမ်းဆရာညှာ ခေါ် မန္တလာညှာ၊ ဆရာကြီး မြို့မငြိမ်း၊ ဆရာကြီး ဦးဘသိန်း(မန္တလေး) တို့ သုံးဦး ဖြစ်ကြောင်းကို မြို့မငြိမ်းရဲ့ အနုပညမှတ်တမ်း နှစ် (၁၀၀) ပြည့်စာအုပ်ထဲမှာ ရေးသားဖော်ပြခဲ့ပါတယ်။


“(ချိုပြုံး ရွှင်သော နှမပျိုငယ်၊ တစ်ကိုယ်လုံးပင်ချော အလှပိုတယ် မြို.မနဲ့ တစ်မိတည်း ဖွားလို. ဆိုတော့မယ်ကွယ်)၂ (အမောက်ကလေး တသသနဲ့ မြှေက်လို့ပေးတာ မဟုတ်ဘူးကွယ်)၂ ။ ယဉ်စစနှင့် မြင်လိုက်ရရင် အ၀တ်စားမှာလည်း လွန်တင့်တယ်၊ ထွန်းသစ်စ လရောင်ဝယ်၊ ခိုင်ညှာတံပွင့်လန်း ပန်းသို.နှယ် ရိုးရိုးသားသားနဲ့ ကျုပ်တို့မြို့မက ကျေနပ်တယ်” အပိုဒ်ကို ဆရာကြီး အေဝမ်းဆရာညှာ ခေါ် မန္တလာညှာက ရေးသားခဲ့ပါတယ်။ သံပြိုင်ပိုဒ်ဖြစ်တဲ့ “(မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတော့ ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေရယ် ) ပျော်ခင်းလေး သာပါဘိတယ်၊ နိမိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော် ဝယ်” ကို ဆရာကြီး မြို့မငြိမ်းက ရေးသားပါတယ်။
“ခါးသေးနွဲ့ မူယာကြွယ် လှဂုဏ်မြင့်ထယ် ၊မာလာနွယ်၊ ခိုင်ညှာရယ် တစ်ယောက်ဆို တစ်ယောက်လို.အောင့်မေ့တယ်၊ ခင့်မြို.မ လာပြီကွယ်၊ ဆီးကြိုလို.ရယ် မောင်နှမရင်းပင်၊ခင်မင်ချစ်သွေး ပြမိတယ် ။ ဇာတိမျက်ခြယ်၊ ကျန်းမာပါစသက်လှယ်၊ သြော်လောင်းပါစေကွယ်၊ ဟင် ပက်လိုက်တော့ကွယ်၊ နှစ်ကူးတော့မယ်၊ ခင်ခင်ရယ် လိုက်ခဲ့ပါလား အပျင်းတော့ပြေမယ် ၊မောင်တို့ လာချေပေါ့ကွယ် ကညာမေကြော့ရဲ့ ငွေငန်းထွက်လာတယ်အပိုဒ်ကို ဆရာကြီး ဦးဘသိန်း(မန္တလေး) က ရေးသားခဲ့ပါတယ်။
မန်းတောင်ရိပ်ခို သီချင်းကို ပထမဦးဆုံး သီဆိုသူ ကတော့ ကိုအံ့ကြီး ဖြစ်ပါတယ်။ ရန်ကုန်မှာ ဘီတီ ဘရားသား မိသားစု တီးဝိုင်းနဲ့ အသံသွင်း ခဲ့ပါတယ်။ဘီတီဘရားသား မိသားစု တီးဝိုင်းနဲ့ ဆိုတော့ သီချင်းစာသားထဲမှာ မြို့မ နာမည် ပါနေပေမဲ့ အဲဒီ မူလ အသံသွင်းထားတဲ့ သီချင်းမှာ မန္တလေးမြို့မ အဖွဲ့ကြီးရဲ့ တီးလုံး ဟန်ပန်တွေ မပါသေးပါ။ ဦးအံကြီးသီဆိုစဉ် က
မူရင်း အဓိပ္ပာယ်တွေတော့ ပြောင်းမသွားပဲ စာအုပ်ထဲက စာသားနဲ့ အနည်းငယ်ကွဲပြားနေတာတွေ တွေ့ရသေးတယ်။
နောက်ပိုင်းမှာတော့ သီဆိုသူတွေကိုလဲ မရေနိုင်တော့ပါ။ ပြန်ဆိုထားတဲ့ သီချင်းတွေမှာ သီချင်းစာသားတွေလဲ နည်းနည်းစီ ကွဲလာတယ်။

နောက်ပိုင်းမှာ မန်းတောင်ရိပ်ခို သီချင်းကို မြန်မာ့ ဆိုင်းဝိုင်းကြီး တွေနဲ့ရော သံစုံဝိုင်းကြီး တွေနဲ့ပါ တီးလာကြတယ်။ မန္တလေး မြို့မ အဖွဲ့ကြီးကလဲ မြို့မ အဖွဲ့ကြီးရဲ့ တီးလုံး ဟန်ပန်ဖြစ်တဲ့ ခြောက်လုံးပတ် အဆို့အပို့တွေ သင်္ကြန်တီးလုံး အသွား ဖြစ်တဲ့ ‘တူးပို့ တူးပို့ တူးပို့’ ထည့်ပြီးတီးခဲ့ကြတယ်။
‘တူးပို့ တူးပို့ တူးပို့’ ဆိုရင် သင်္ကြန်ရေသဘင် တီးလုံး အသွား လို့ သမိုင်းတခေတ် တွင်ရစ်အောင် ဆရာကြီး မြို့မငြိမ်းနဲ့ မြို့မအဖွဲ့ ဒိုးဆရာ တာပလာဗုံ အတီးကောင်းလို့ တာပလာ ဦးလှဒင်လို့ ခေါ်ကြတဲ့ သံဖြူတန်း ဦးလှဒင်တို့ တီထွင်သွားတဲ့ “စည်တိုသုံးချက် တီးလုံးအသွား” ကို တော့ ယခုတိုင် ထည့်သွင်းအသုံးပြုကြဆဲပင် ဖြစ်ပါတော့သည်။
ရေးသားပြုစုသူ-မေစိုး
ကိုးကား- မြို့မငြိမ်းနှင့် သူ့အနုပညာ [ သန်းအောင်ခိုင် ]
     

Friday, March 12, 2010

ကိုယ်နဲ့ဆောင်ထား အစောင့် အရှောက် တရားလေးပါး။ by မေစိုး

ကိုယ်စောင့် တရားလေးပါး ။

စင်္ကာပူနိုင်ငံရှိ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဖြစ်သော ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက် Jayamangala Buddhist Vihara (ကလမတီကျောင်းတော်) တွင် ဒေါက်တာ အရှင် ၀ိစိတ္တ က ဦးဆောင် လျှက် တရုတ် နှစ်သစ်ကူး ရုံးပိတ်ရက် (၁၄ ရက် ၁၅ ရက် ၁၆ ရက်) နေ.များတွင်မြတ် ဗုဒ္ဓ၏ ဘဝ အနှစ်သာရ တရားဓမ္မများ၊ သမထ ကမ္မဌာန်း ဝိပဿနာ အလုပ်ပေးတရားများကို သုံးရက်တရားစခန်း လေး တစ်ခု ကျင်းပပြုလုပ် ခဲ့ပါသည်။

ဆရာတော် ဘုန်းဘုန်းကတော့ တရားစခန်း လေးဟာမရည်ရွယ်ဘဲ ဖြစ်သွားခဲ့တယ် ဆိုပေမဲ့ မြတ်ဗုဒ္ဓရဲ့တရား တော် အနှစ်တွေကို အချိန်တိုတိုလေး အတွင်းသိခွင့်ရလိုက်တဲ့အတွက် ကျမအတွက်တော့ တကယ့်ကို အကျိုး ရှိခဲ့ပါတယ်။ တစ်နာရီ တရားထိုင် ပြီး ၁၅ မိနစ်လောက်နားကာ နောက်တစ်နာရီတွင် ဆရာတော်နင့်တကွ ကျောင်းရှိ သံဃာတော် အရှင်မြတ်များ က အလှည့်ကျ တရားတော်များ ဟောကြားပေးခဲ့ပါတယ်။

ထိုဟောကြားသော တရားတော် များမှ အင်္ဂလန်နိုင်ငံတွင် သာသနာပြု နေသော အရှင် စန္ဒောဘာသ, ကလမတီကျောင်းတော် တွင် ဟောကြားချီးမြှင့်တော် မူခဲ့သော အလုပ်မအားတဲ့ ပုဂ္ဂိုလ်များ နှင့် အချိန်မပေးနိုင်တဲ့ ပုဂ္ဂိုလ် များအတွက် (pocket meditation)လို. ခေါ်ဆိုလို.ရနိုင်သော ကိုယ်စောင့် ကမ္မဋ္ဌန်းတရား လေးပါး ကို ဟောကြားခဲ့ပါတယ်။

ထို ကိုယ်စောင့် ကမ္မဋ္ဌန်းတရား လေးပါးမှာ

(၁) ဗုဒ္ဓ နုဿတိ ကမ္မဋ္ဌန်း

(၂) မရဏ နုဿတိ ကမ္မဋ္ဌန်း

(၃)အသုဘ ကမ္မဋ္ဌန်း

(၄)မေတ္တာ ကမ္မဋ္ဌန်း တို.ဖြစ်ကြပါသည်။

(၁) ဗုဒ္ဓ နုဿတိ ကမ္မဋ္ဌန်း ဆိုသည်မှာ

နုဿတိဆိုတာအောင့်မေ့ခြင်း၊တမ်းတခြင်း၊ အမှတ်ရခြင်း ၊ကိုခေါ်ခြင်းဖြစ်ပါသည်။ ကိုယ့်နိုင်ငံကို ခွဲခွာနေကြတဲ့အခါ ကိုယ်မွေးဖွားခဲ့တဲ့ နေရာကို အမှတ်ရခြင်း၊ အမိ၊ အဖ၊ ဆွေမျိုး၊ နေရာ၊ဒေသ တွေကို တွေးလိုက်တိုင်း အမှတ်ရ နေတာ၊ ထပ်ကာတလဲလဲ မြင်ယောင်တမ်းတ သတိရ နေတာကို အနုဿတိ လို.ခေါ်ခြင်းဖြစ်ပါတယ်။

ထို.ကြောင့် ဗုဒ္ဓဆိုတာနဲ့ ပေါင်းပြီး မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို ထပ်တလဲလဲ ပွားများခြင်းသည် ဗုဒ္ဓ နုဿတိ ကမ္မဋ္ဌန်း စီးဖြန်းခြင်း ပင်ဖြစ်ပါသည်။ ဗုဒ္ဓ နုဿတိ ကမ္မဋ္ဌန်း စီးဖြန်းရာတွင် ဘုရား၊ ကျောင်းကန်၊ စေတီ၊ ပုထိုး သွားစရာ မလိုပဲ အချိန်ပေး စရာမလိုပဲ မိမိတို. ခရီးသွားနေစဉ် သော်လည်းကောင်း သွားရင်း၊ လာရင်၊ နေရင်း၊ ထိုင်ရင်း၊ လုပ်ရင်း၊ ကိုင်ရင်း နဲ့ပင် ပွားများအား ထုတ်လို.ရပါသည်။

(၂) မရဏ နုဿတိ ကမ္မဋ္ဌန်း

တကယ်တော့ လူတွေနဲ့ အနီးကပ်ဆုံး အရာဟာ “သေခြင်းတရား” ပါ။ လူတိုင်း သွားရင်း၊ လါရင်း၊နေရင်း ၊ ထိုင်ရင်း နဲ့ပင် သေခြင်းတရား သည် အချိန်မရွေး ကျရောက်လာ နိုင်ပါသည်။ လူရဲ့ နောက်က အရိပ်လို လိုက်နေတာပါ။ အချိန်နှင့်အမျှ အိုလာ၊ နာလာပြီး သေရန်နီးလာနေသည့် အဖြစ်ကို စဉ်းစားရင်း ယခုထက်မအိုမီ၊ လက်ရှိထက်ပို၍ မနာမီ၊ သေခြင်းတရား ရောက်မလာမီ ကောင်းမှုကုသိုလ်များ ကြိုတင်ပြုရမည့် အချိန်သည် ယခုလက်ရှိအချိန်ပင် ဖြစ်ကြောင်း၊ “သေခြင်းတရား” ဟာ တစ်နေ့မှာ လူတိုင်းမလွဲမသွေ တွေ့ကြုံရမည် ဖြစ်ကြောင်း သတိလေးထားပြီး ၊ အောင့်မေ့ သတိရပြီး ဉာဏ်ကနေ မြင်လာအောင် ဉာဏ်မှာ ထင်လာအောင် ဆင်ခြင် လိုက်တာနဲ့ မရဏာ နုဿတိ ကမ္မဋ္ဌန်း စီးဖြန်းခြင်းပင် ဖြစ်ပါသည်။

(၃)အသုဘ ကမ္မဋ္ဌန်း

လူသေမှ အသုဘမဟုတ်ပါ။ မိမိရဲ့ ခန္ဓာကိုယ်ဟာ စက်စုပ် စရာကြီး ပါတကားလို့ ပွားများရ ပါမယ်၊ ဦးခေါင်းထဲက ဦးဏှောက်တွေ အမြှေးတွေ မြင်လာတဲ့ အထိ ပွားများပေးပါ၊ခန္ဓာကိုယ် အတွင်းပိုင်း အူတွေ အသည်းတွေ ကျောက်ကပ် တွေတစ်ပုံစီ တစ်ပုံစီ မြင်အောင် ကြိုစားပွားများ ပါ။ခန္ဓာကိုယ် ပေါ် မှာ တပ်မက်မှု၊ တဏှာ၊ ရဂကို ဖယ်ခွာ နိုင်သည်အထိ ကြိုးစား၍ ပွားများခြင်းကို အသုဘ ကမ္မဋ္ဌန်း စီးဖြန်းခြင်းပင် ဖြစ်သည် ။

(၄)မေတ္တာ ကမ္မဋ္ဌန်း

မေတ္တာ ကမ္မဋ္ဌန်း စီးဖြန်းပုံ နည်းမှာ အလွန် လွယ်ကူ ပါသည်။

သတ္တ၀ါတွေ အားလုံး အပေါ်မှာ ကိုယ်နဲ့ တန်းတူထားပြီး မေတ္တာ ပွားများပါ။ အကျွန်ုပ်နှင့် တန်းတူ သတ္တ၀ါတွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ငြိမ်းချမ်းပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းပါစေ ဟူ၍၊ု ရွတ်ဆိုကာ ဤ စကားလုံးများ ၏ အဓိပ္ပာယ် အပေါ် စိတ်ကို စူးစူးစိုက်စိုက် ထား၍ အကြိမ်ကြိမ် ရွတ်ဆိုပွားများပါ။ အလုပ်တစ်ခု လုပ်တော့မယ် ဆိုတိုင်းလည်း မိမိ နှင့် နိုင်းယှဉ် ကြည့်ပါ။ ကိုယ်နဲ့တန်းတူထားပြီး အပြုခံရမဲ့ သူနေရာမှာ ကိုယ်၊ ကိုယ်တိုင် ၀င်ရောက် ခံစားကြည့်ပါ။ ဒေါသမီးလျှံ အကြီးတန်၊ ဆိုသည့်အတိုင်း ဒေါသကြီးသူသည် လူသားခြင်း အတူတူ ဖြစ်လျက် ရုပ်ဆိုးအကြီးတန် ၍ မေတ္တတရား ကြီးမားသူသည် ရုပ်လှ၏။ မေတ္တာ ကမ္မဋ္ဌန်း ကို ပွားများ အားထုတ်ခြင်းဖြင့် သူတကာတို.၏ ချစ်ခင်မူ. ကိုရရှိစေမည်။

အချိန်မပေး နိုင်လို. ၀ိပသနာ ကမ္မဋ္ဌန်း အားမထုတ်နိုင်ရင် တောင်မှ ထို ကမ္မဋ္ဌန်း(၄) ပါးထဲမှ တစ်ပါးပါးကို ပွါးများအားထုတ် တယ်ဆိုလျှင် အန္တရယ်နှင့် တွေ.ကြုံလာပါက လက်ထဲတွင် ဓါး၊ ဒုတ်၊ လက်နက် တစ်စုံတရာ မပါသော်လည်း ကမ္မဋ္ဌန်းတရား တပါးပါး လက်ကိုင်ရှိသူ အတွက် မည့်သည့် အန္တရယ် ကိုမှ ကြောက်စရာ မလိုတော့ပေ။

အလုပ်အင်မတန်များကြပြီး အချိန် မပေးနိုင်တဲ့ သူတွေ၊ အတွက် ၀ိပသနာ အားမထုတ်နိုင်ခဲ့ ရင်တောင်မှ ထိုကိုယ်စောင့် ကမ္မဋ္ဌန်းတရား လေးပါးထဲမှ တစ်ပါးပါးကို မိမိတို. သွားရင်း၊ လာရင်း လုပ်ကိုင်ရင်းနှင့်ပင် ပွားများ အားထုတ်ပါက စိတ်ချမ်းသာ ၊စိတ်ကြည်လင်တဲ့ မျက်နှာပေးနဲ့တင် လူချစ်လူခင်များတာ ပြောစရာမလိုအောင်ပါပဲ။

မိမိကိုယ်ကိုယ် လည်း မကောင်း မှု မလုပ်ဖြစ်အောင် သတိပေးပြီးသား ဖြစ်သွားတာကြောင့် ကုသိုလ်အကျိုး

ပေးဖို့လည်း သိပ်လွယ် သွားပါတယ်။ ထိုကြောင့် ကျွန်မနာယူထားသမျှ ရေးသားဖော်ပြ အပ်ပါတယ်။

မေစိုး

အင်္ဂလန်နိုင်ငံတွင် သာသနာပြု နေသော အရှင် စန္ဒောဘာသ, ကလမတီ ကျောင်းတော် ၊တရုပ်နှစ်သစ်ကူး တရားစခန်းရက်တိုလေးတွင် ဟောကြားချီးမြှင့်တော် မူခဲ့သော တရားတော်ကို ပြန်လည်ရေးသား ထားပါသည်။

Dr Rahular's Yangon Jayamangala Buddhist Vihara recent pictures


Sayadaw Dr Rahula will preach Special Dhamma in English at (Singapore-Thai Temple) (Uttamanyani ancient monastery) Place-Chou Chew Kang, Singapore)
Time- 9.30 am to 10 .30 am )Date-14, Mar, 2010,Sunday)

Tuesday, March 2, 2010

နိဗ္ဗာန်ဆိုသည်မှာ by အရှင်အရိယဝံသ( သာသနဓဇဓမ္မာစရိယ,,MA,Sri lanka)



(အရှင်အရိယဝံသ is from Dr Rahula's village and sayadaw's follower)

ဤ ခေါင်းစည်းနှင့်ပတ်သက်၍ မရေသားမီ ပထမဦးဆုံး ဖုန်းဖုန်းစကားတစ်ခွန်းကို အလေးအနက်ပြောချင်ပါတယ် ။ နိဗ္ဗာန်ချမ်းသာဆိုတာ ဘယ်လိုရှိတယ်  ဘယ်ပုံသဏ္ဍာန်ပါလို့ ဂ ဃ န ဏ ကွဲပြားအောင်လက်တွေ့ ပြနိုင်ဖို့အတွက် ဖုန်းဖုန်းသည် ရဟန္တာ မဟုတ်သေးပါ ။ သာမန်ပုထုဇည် ရဟန်းတစ်ပါးသာ ဖြစ်ပါတယ် ၊ သို့သော်လည်း နိဗ္ဗာန်ဆိုတာ ဘယ်လိုလဲဘုရား ဟု အမေးရှိလာ၍ ကိုယ်မှတ်သား သင်ကြားဖူးတာတွေနှင့် လောကကို နှိုင်းယှည်ပြီး စွမ်းသလောက် ရှင်းပြပေးပါမယ် ။  နိဗ္ဗာန်ဆိုတာ လောကမှာ တကယ့်ဖြစ်တည်  ရှိနေကြောင်းကို ယုံကြည်သင့်ပါတယ် ၊ ဘာကြောင့်လဲဆိုရင် လောက၌ အဆိုး အကောင်းဟူသော ဆန့်ကျင်ဘက်အရာနှစ်ခုတို့သည် ထာဝရ ဒွန်တွဲ ဖြစ်တည်နေသော
ကြောင့်တည်း။

လောကဥပမာအားဖြင့်ပြောရမယ်ဆိုယင်  မီးရှိတယ်၊ ထိုးမီ၏ဆန့်ကျင်ဘက်က ရေပါ ၊နေ နှင့်လ ၊ အပူနှင့် ၊ အအေး၊ ချမ်းသာ နှင်း ဆင်းရဲ စသည်ဖြင့် လောကမှာ ဆန့်ကျင်ဘက်အရာနှစ်ခုတို့သည် ထာဝဒွန်တွဲလျက်ရှိနေပါတယ် ။ အဲဒီလို လောကမှာ ဆန့်ကျင်ဘက်အရာတွေဟာ ထာဝရ ဒွန်တွဲပြီး သွားနေကြပါတယ်။

ကိုယ်မမြင်ရလို့ ရှိတယ်လို့ မယုံကြည်သောသူသည် မီးလာတုန်းအချိန် ပလပ်ပေါက်ထဲကို လက်နှင့်နှိပ်ပြီး စမ်းကြည့်နိုင်ပါတယ် ၊ ဖုန်းဖုန်းတို့လျှပ်စစ် ရှိတာကို မမြင်နိုင်ပါ ။ သို့သော်လည်း မီးရောင်တွေထိန်လင်းနေ တောက်ပနေတာတွေကို ကြည့်မြင်သောအားဖြင့် လျှပ်စစ်ဟာ တကယ်ရှိတယ်ဆိုတာကို လူတိုင်းယုံကြည် သိရှိနိုင်ပါတယ်။  လေကို မမြင်ရပါ။ သို့သော်လည်း သစ်ပင်လေးတွေ လှုပ်ခတ် ယိမ်းယိုင်နေတာကို မြင်ရသော အားဖြင့် ကိုယ်ခန္ဓာကို လေကလေးတွေ တိုက်ခတ်လားတာကို ခံစားရသောအားဖြင့် လေတကယ်ရှိတယ်ဆိုတာကို ဖုန်းဖုန်းတို့ သိရှိနိုင်ကြပါတယ် ။

  အဲဒီလိုပါပဲ ခန္ဓာဆိုတဲ့အတ္တဘောရှိယင်  ခန္ဓာကိုယ်ဆိုတဲ့အတ္တဘောမှ ထွက်မြောက်ရာ နိဗ္ဗာန်ဆိုတာလည်း တကယ်ရှိနေပါတယ်၊ ရှေးက ဘုရားအဆောက်အဥုံကြီးတွေ ၊ဘုရားသီတင်းသုံးခဲ့တဲ့ ရုပ်ကြွင်းတွေ၊ ရှေးက ရဟန္တာကြီးတွေကို သိမြင် ကြားရသောအားဖြင့်  နိဗ္ဗာန်ဆိုတာ မျှော်မှန်းကြည့်နိုင်ပါတယ် ။ ဖုန်းဖုန်းတို့ ကိုယ့်အဘိုးရဲ့ အဘိုး ဘဘိုး ၊ ဘီဘင်တွေကို မမြင်ဖူးကြပါဘူး ။ ဒါပေမဲ့ အဖေ အမေရှိတာကို သိသောအားဖြင့် အဘိုးရှိတယ်ဆိုတာကို သိရပါတယ် ။ အဘိုးရှိတယ်ဆိုတာကို သိရသောအားဖြင့် အဘိုးရဲ့ အဘိုးတွေ ဘ ဘိုး ဘီဘင်တွေလည်း ဤလောကမှာ ရှိခဲ့ကြတယ်ဆိုတာကို သိနိုင်ကြပါတယ် ။ သူတို့ဤလောကမှာ မရှိခဲ့ဘူးဆိုရင် ဖုန်းဖုန်းတို့ အမေအဖေ အဘိုးအဘွားတွေလည်း ရှိမှာမဟုတ်ဘူး ။ ဘုန်းဘုန်းတို့ အမေအဖေ အဘိုးအဘွားတွေမရှိဘူးဆိုရင် ဘုန်းဘုန်းတို့လည်း ဒီလောကကြီးထဲ ခု ရှိနေကြမှာမဟုတ်ပါဘူး ။ သဘောပေါက်တယ်နော်။

အဲဒီလိုဆိုယင် လူတွေက မေးလာကြမယ် " နိဗ္ဗာန်ဆိုတာ ဘယ်လိုလဲ?" လို့လေ။  ဒီနေရာမှာ ဖုန်းဖုန်းလေး ဥပမာတစ်ခုကို ပေးပါမယ် ။ ဒီဥပမာဟာ နိဗ္ဗာန်ဆိုတာ ဘယ်လိုလဲဆိုတဲ့ အဖြေ ၊ နိဗ္ဗာန်ချမ်းသာဆိုတာ
ကကော ဘယ်လိုပါလဲဘုရားဆိုတဲ့ အဖြေလည်း ဖြစ်ကောင်း ဖြစ်သွားပါလိမ်မယ် ။ ဖုန်းဖုန်းတို့ ခလေး
ဘဝတုန်းက ဖြစ်ဖြစ် ကြီးပြီးမှဖြစ်ဖြစ် တစ်ချိန်ချိန်မှာ အများအားဖြင့် လူတိုင်းကိုယ်စီ ယားနာပေါက်ဖူးကြ
ပေလိမ့်။ ယားနာပေါက်ဖူးတဲ့လူတိုင်းလည်း ယားနာတွေရဲ့ထကြွသောင်းကျန်းမှု့ဆိုတဲ့ ယားယံမှု့အရသာကို ကောင်းကောင်းကြိးခံစားဖူးကြပေလိမ့်မည်။

ယားနားများ အကြီးအကျယ်ယားလာတဲ့အချိန်မှာ။ ဖုန်းဖုန်းတို့ လက်နှင့်ဖြစ်ဖြစ် တုတ်ချောင်းကလေးနှင့်ဖြစ်ဖြစ် ကုတ်ခြစ်ကြရပါတယ် ။ ယားနားထကြွသောင်းကျန်နေတဲ့အချိန် လက်နှင့်ဖြစ်ဖြစ် တုတ်ကလေးနှင့်ဖြစ်ဖြစ် ကုတ်ခြစ်ကြယင် တကယ့်ကိုနေလို့ကောင်းပါတယ်။ အရသာလေးက တစ်မျိုးပါ ။ ခံစားလို့လည်းကောင်းပါတယ် ၊ ယားနားထကြွသောင်းကျန်းလို့ လက်နှင့်ကုတ်ခြစ်ပြီး ယားယံမှု့တွေကို ဖြေဖျောက်နေတဲ့ အချိန် အသားအရေတွေ စုတ်ပြဲသွားတာတွေ သွေးထွက်သွားတာတွေကို ဖုန်းဖုန်းတို့သတိတောင်မထားမိကြပါဘူး၊ ဘာကြောင့်ဆို ယားယံမှု့တွေကို ဖြေဖျောက်မှု့၏ အရသာကို ခံစားကောင်းနေလို့ပါ ။ ယားယံမှု့တွေပြေပျောက်သွားလို့ ကုတ်ခြစ်တာတွေကို ရပ်လိုက်တဲ့အချိန်ကျမှ သွေးထွက်တာတွေ အရေစုတ်ပြတ်သတ်နေတာတွေကို ဖုန်းဖုန်းတို့ သတိထားမိကြတယ် ။ သတိထားမိတဲ့အချိန်မာ စပ်ဖြဲဖြဲဝေဒနာတွေကို ဖုန်းဖုန်းတို့ မချိမဆန့် ခံစားကြရပြန်တယ်လေ။

သိတဲ့အချိန် သိလိုက်တဲ့အချိန်မှာ ဖုန်းဖုန်းတို့ နောင်တတစ်ခုခုကိုတော့ ရမိကြမှာပါ။ ငါ့အသားအရေတွေ စုတ်ပြတ်သတ်သွားပြီ၊ ငါ့မှာသွေးတွေထွက်သွားပြီ၊ အရမ်းနာတယ် ၊ အရမ်းစပ်တယ်၊အမေလေး နော် စသည် စသည်ဖြင့်လေ။ ဒါပေမဲ့ ဒါတွေက ခဏပါပဲ ။ ကြာသွားလို့ အဲဒီယားနာဟာ
  နောက်တစ်ခါ ထကြွသောင်းကျန်းလာတဲ့အချိန် နောက်တစ်ခါ ပြန်ပြီးတော့ ကုတ်ခြစ်ပြီး ယားယံမှု့တွေကို ဖြေဖျောက်ကြပြန်ပါတယ် ။ နောက်ပြီး ယားနာထကြွသောင်းကျန်းနေတဲ့အချိန် ယားနာကို မီးနဲ့ကင်ရင်လည်း တကယ့်ကို အရသာခံစားလို့ကောင်းပါတယ် ။ အဲဒီလို ယားနာကို မီးကင်ပြီး ဖြေဖျောက်နေတဲ့
အချိန်မာ ပူလို့ပူမှန်းတောင် သတိမရမိကြပါ  ။ ယားနားထကြွသောင်းကျန်းမှု့တွေဟာ ဖြေဖျေက်မှု့အစာ တစ်ခုခုကို ပြည့်ဝစွာရသွားလို့ ငြိမ်းသက်သွားတဲ့အချိန်ခါမှ ဖုန်းဖုန်းတို့ မီးပူတာကို သတိထားကြလိမ့်မည်။ ဒီအရာတွေဟာ တကယ့်ချမ်းသာအစစ်လား? အရသာအစစ်လား? တကယ့်စစ်မှန်တဲ့ အရသာအစစ်လား?။ လူတွေကကော အဲဒီလို့ လက်နှင့်ကုတ်ခြစ်မှု့၊  မီးနှင့်ကင်မှု့တွေကြောင့် ဖြစ်လာတဲ့ ဒီအရာသာတွေကို တကယ့် အရသာအစစ်
ချမ်းသာအစစ် လို့ထင်ကြသလား ။ ယားနာကိုပျောက်အောင်ကုလို့ရတဲ့ ဆေးရှိတယ်လို့သိပြီးတော့ ဖုန်းဖုန်းတို့ အဲဒီယားနာတွေကို ဆေးနှင့်ကျကျနန ကုပစ်လိုက်လို့ အပြီးပိုင်ခန္ဓာကိုယ်ထဲကနေ ပျောက်သွားပြီးလို့ ဆိုကြစို့ရဲ့ ။ ဆေးကုပစ်လိုက်လို့ ယားနာပျောက်သွားတဲ့အချိန်မှာကော ဘယ်လို အရသာကို ခံစားကြရမှာလဲ ခံစားရသလဲ?။
ပြောပြမတတ်လောက်အောင်ကို ယားနာထကြွသောင်းကျန်းမှု့တွေရဲ့မရှိခြင်းဆိုတဲ့ တကယ့်ငြိမ်အေးမှု့တွေကို ခံစားကြရပါတယ် ။ ဒီနေရာမှာ ယားနာပျောက်ကင်းသွားတဲ့အချိန် ကြုံတွေ့ရတဲ့ငြိမ်းအေးမှု့ဟာ ယားနာကို လက်နှင့်ကုတ်ခြစ်တဲ့အချိန် မီးနှင့်ကင်နေတဲ့အချိန်တွေမှာ ကြုံတွေ့ကြရတဲ့အသာနှင့် နည်းနည်းလဲမှ တူမှာ မဟုတ်ပါဘူး ။ အကြီးအကျယ်ကို ကွာခြားနေတာကို ။
တွေ့ကြရ သိကြရပါလိမ့်မည် ။ ယားနာကို လက်နှင့်ကုတ်လို့ ယားယံမှု့တွေကို ဖြေဖျောက်လို့ ရလာတဲ့ အရသာ နှင့် ဆေးကုလိုက်လို့ ယားနာ အပြီးအပိုင်ပျောက်သွားတဲ့အချိန် ကြုံတွေ့ရတဲ့ အရသာနှစ်ခုကြားမှ ဘယ်ဟာက အရသာအစစ်လဲ? ဘယ်ဟာက ငြိမ်းအေးမှု့အစစ်လဲ? တွေးကြည့်ယင် သိနိုင်ပါတယ်။


နိဗ္ဗာန်ချမ်းသာဆိုတာလဲ ဒီသဘောပါပဲ ။ ဆေးကုလိုက်လို့ ယားနာတွေ ခန္ဓာထဲကိုယ်ထဲမှာ အပြီးပိုင်ပျောက်သွားတဲ့အချိန် တွိကြုံခံစားရတဲ့အေးချမ်းမှု့ ငြိမ်းအေးမှု့လိုပါပဲ ။ ဒါပေမဲ့ နိဗ္ဗာန်ရဲ့ချမ်းသာကတော့ မပျက်မစီးထာဝရတည်တံ့တဲ့ ချမ်းသာမျိုးနော် ။ ခုလူတွေခန္ဓာကိုယ်ထဲမှာ ထကြွသောင်းကျန်းနေတဲ့ ကိလေသာတွေဟာ ယားနာနှင့်တူပြီး ကိလေသာကို ဖြေဖျောက်ဖို့ ကာမဂုဏ်အာရုံတွေကတော့ ကုတ်ခြစ်တာတွေ မီးတွေနှင့်တူပါတယ် ။ ကိလေသာ ထကြွ
သောင်းကျန်းမှု့တွေကြောင့် ထိုကိလေသာတွေရဲ့တောင်းဆိုမှု့တွေကြောင့် ကာမဂုဏ်တွေကို အမယ်လေး ကောင်းလိုက်တာနော်လို့ အရသာကိုအငြင်းမရခံစားကြတာက ယားနာကို ကုတ်ပြီး (သို့) မီးနှင့်ကင်းပြီး  အယားဖျောက်တာနှင့်တူပါတယ်။ ၀ိပဿနာတရားအားထုတ်ပြီးတော့  ကိလေသာကင်းစင်လို့ ရဟန္တာ
ဖြစ်လို့ နိဗ္ဗာန်ချမ်းသာကိုခံစားရကြရတာက ယားနာကို ဆေးကုလိုက်လို့ ယားနားပျောက်သွားတဲ့အချိန် တွေကြုံကြရတဲ့ပကတိချမ်းသာမှန် ချမ်းသာစစ်နှင့်တူပါတယ်လို့ ဖုန်းဖုန်းလေး ဖြေပေးလိုက်ပါရစေ။

ဒါပေမဲ့ ဖုန်းဖုန်းတစ်ခုတော့ပြောချင်ပါတယ်။ ရှေ့မှာပြောခဲ့တာတွေက ဖုန်းဖုန်းးရဲ့ရှုထောက်တွေပါ။
ခန္ဓာဇာတ်ငြိမ်းသွားသော်လည်းနိဗ္ဗာန်ဆိုတာ တစ်နေရာရာမှာ အသွင်တစ်မျိုးမျိုးနှင့် ရှိနေမယ်လို့ထင်
တယ်။ဒါပေမဲ့ ပုထုဇဉ်တွေညာဏ်နှင့် မမြင်မသိနိုင်တဲ့ ပုံပန်းတော့ရှိနေပါလိမ့်မယ် ။ ဘယ်လိုရှိနေမှာလဲ ဘယ်လိုတည်နေမှာလဲဆိုတာကို ဖုန်းဖုန်းမသိပါ ။ (သိချင်ရင် ကိုယ်တိုင်ကြိုးစားအားထုတ်ပါ ။ ဘုရားဟောအတိုင်း လုပ်ပါ ။) ဒါပေမဲ့ တကယ့်ငြိမ်းအေးတဲ့အရာတစ်ခုအဖြစ် လှပစွာ တည်ရှိနေမယ်ဆိုလို့ နှလုံးသားထဲမှာ သိနေတယ် ။


နိဗ္ဗာန်ဆိုတာ တကယ်ရှိလို့သာ ရှိတယ်ဆိုတာကိုသိလို့ မြတ်စွာဘုရားဟာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ဆင်းရဲဒုက္ခအမျိုးမျိုးတွေကို နဖူးတွေ့ ဒူးတွေ့ခံစား ကျော်ဖြတ် ရင်ဆိုပြီး ဘုရားဖြစ်ဖို့ ပါရမီတွေဖြည့်လာခဲ့တာပါ ။  လူဆိုးလူမိုက်တို့တောင်မှ အကျိုးမရှိသော အလုပ်တွေကို မလုပ်ကြပါဘူး။ သူတို့အတွက်တစ်ခုခုအကျိုးရှိမှလုပ်ကြတယ်လေ။ လောကမှာသဗ္ဗညုဘုရားရှင်သည် မည်သို့ အကျိုးမရှိအချည်းနှီးသောအလုပ်ကို လုပ်မည်နည်း ။ မလုပ်သည်သာ ။

ဖုန်းဖုန်းတို့သဏ္ဍာန်မှာ မောဟတရားတွေ အားကြီးလွန်းနေလို့သာ အမှန်ကိုအမှားထင်ပြီး လမ်းပျောက်လမ်းမှားနေကြတာပါ ။ ဒီအားကြီးတဲ့ ကိလေသာတွေက မောဟနှင့်ပေါင်းပြီး လူတွေကိုမိုင်းတိုက်ထားလို့ ဖုန်းဖုန်းတို့နိဗ္ဗာန်ဆိုတာကို မလိုချင်သေးဘူးလို့ တစ်ချို့ပြေနေကြတာပါ ။ ကိုယ်တိုင်လဲ နဖူးတွေ့ ဒူတွေ့ ဆင်းရဲဒုက္ခနှင့်ကြုံလိုက်ရင်တော့ အဲဒီမလိုချင်ပါဘူးဆိုတဲ့ စိတ်တွေဘယ်အပေါက်ကနေ ထွက်သွားသလဲလို့တောင်သတိမထားမိလိုက်ကြပါဘူး ။ တစ်ညည်းတည်း ညည်းနေတော့တာပါပဲ။ အထက်ကပြောခဲ့သလိုပါပဲ ယားနာကို ဆီးကုလို့ မပျောက်ခင် မီးနှင့်ကင်တာတွေ
လက်နှင့်ကုတ်ခြစ်တာတွေကို တကယ်ကောင်းတဲ့အရသာ ခံစားလို့ကောင်းတဲ့အရသာလို့ ထင်သလို ဖုန်းဖုန်းတို့လည်း မောဟတွေအားကြီးလို့ ကာမဂုဏ်တရားတွေကို တကယ့် ချမ်းသာစစ်လို့ ထင်နေကြတယ်။


ယားနာကို ပျောက်အောင်ကုလို့ရတဲ့ ဆေးကိုတွေ့လို့ ဆေးကုလိုက်လို့ပျောက်သွားတဲ့အချိန် တကယ် ချမ်းသာစစ် ငြိမ်းအေးမှု့ကို တွေ့ရ ခံစားရ သလို ဖုန်းဖုန်းတို့ သဏ္ဍာန်ထဲမှာ ပညာအရောင်တွေ တောက်ပြောင်လို့ ဝိပဿနာဆေးကောင်းကို တွေ့ကြတဲ့အချိန် ဖုန်းဖုန်းတို့ မပျက်မစီးတဲ့ တကယ့် ချမ်းသာစစ်ကို တွေရ ခံစားရပေလိမ့်မည် ။ ဖုန်းဖုန်းပြောချင်တာ ဒီလောက်ပါပဲ ။ ဒီထက်ပြောပြဖို့ ရှင်းပြဖို့ မတတ်တော့ဘူး ။  ဖုန်းဖုန်းပြောခဲ့တာတွေကို အသေချာ စည်းစားပြီး  နိဗ္ဗာန်ကို မှန်းမျှော်ကြည့် ကြပါလို့ တိုက်တွန်းချင်ပါတယ် ။ ကိုယ့်ညာဏ် ကိုယ့်အသိနှင့် အမှန်တရားကို ရှာဖွေနိုင်ကြပါစေ အားလုံးသော ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့ ။